အဆုတ်ရောင်ရောဂါ Corona Virus(COVID 19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား

အဆုတ်ရောင်ရောဂါ Corona Virus(COVID 19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနား
**********************************************************************
မတ် ၂၆ ၊ ထားဝယ်
ယနေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌  အဆုတ်ရောင်ရောဂါ Corona Virus(COVID 19) ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် စပ်လျဉ်း၍ ရောဂါရှာဖွေစစ်ဆေးခြင်းများ ကာကွယ်တားဆီးခြင်းများ၊ ပညာပေးနှိုင်းဆော်မှုများအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား  တွေ့ဆုံရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
ယင်းတွေ့ဆုံရှင်းလင်းပွဲတွင် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး မှ အဖွင့်အမှာစကားပြောကြားခြင်း၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် မှ တနင်္သာရီတိုင်းဒေသကြီးအတွင်း အများပြည်သူများအတွက် COVID 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် စပ်လျဉ်း၍ ကာကွယ်တားဆီးရေး၊ ကုသရေးလုပ်ငန်းစဉ်များ၊ စီမံဆောင်ရွက်ထားရှိသည့် နည်းလမ်းများနှင့် ညွှန်ကြားထားရှိမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးမှ  COVID 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် စပ်လျဉ်း၍ သံသယရှိလူနာများ တွေ့ရှိပါက ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆေးရုံများ ချိတ်ဆက် ဆောင်ရွက်ထားရှိသည့် နည်းလမ်းများ၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် နိုင်ငံရပ်ခြားမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူများအား ကနဦးရောဂါရှိ/မရှိ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးခြင်း၊ သံသယလူနာများတွေ့ရှိပါက ခွဲခြားထားရှိ၍ (၁၄)ရက်သီးခြားထားရှိ စောင့်ကြည့်ခြင်း၊ ဆေးရုံများသို့ ဆက်လက်ပို့ဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ထားရှိလျက်ရှိသည်ကို ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များမှ ထပ်မံ၍ ကော်မတီအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ကြောင်းနှင့် စက်ကိရိယာပစ္စည်းများ အလုံအလောက်ရရှိရေး၊ နယ်စပ်ဝင်ပေါက်များမှ တစ်ဆင့် တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားများအတွက် ဆေးဝါးပစ္စည်းများနှင့် ကျွေးမွေးဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ဒေသခံများ၏ စီးပွားရေးဆိုင်ရာကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံဆောင်ရွက်ပေးစေလိုပါကြောင်း၊  ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအပြင် ဒေသန္တရအမိန့်များကိုပါ လိုအပ်ပါက ထုတ်ပြန်ပေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြည်သူများမှ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် COVID 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါနှင့် စပ်လျဉ်းသည့် အချက်အလက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမြန်ဆုံးပြန်ကြားပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားကို (၁၂း၅၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။