ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကျင်းပခြင်း
**************************************************************************************
၁၈.၅.၂၀၂၀၊ ထားဝယ်
ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(ပထမနေ့)အား Covid -19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦးနှင့် သတင်းမီဒီယာ    (၃) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (ပထမနေ့)  အစည်းအဝေး တက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွက်  တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ အစားထိုးပြောင်းလဲ ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြခြင်း နှင့် ကတိသစ္စာမပြုရသေးသော တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)ဦး ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၂) ခု အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊ နိုင်ငံတော်သမ္မတက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန် ပြည်ထောင်စုတရား သူကြီးချုပ် ၊တိုင်းဒေသကြီးဝန်ကြီးချုပ်တို့နှင့် ညှိနှိုင်းပေးပို့ထားသည့် ဒေါ်ပိုက်ပိုက်အေး၊နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊၁၂/မဂဒ(နိုင်)၀၁၉၈၇၁ ၏အမည်စာရင်းကို တိုင်းဒေသကြီး လွှတ်တော် သို့တင်သွင်းခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး အစည်းအဝေး ကို(၁၀း၃၀)နာရီတွင်ခေတ္တရပ်နားခဲ့ပါသည်။
ဆက်လက်ပြီးအစည်းအဝေးကို(၁၀း၄၅)နာရီအချိန်တွင် အစီအစဉ် အတိုင်းကျင်းပခဲ့ရာ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အမည်စာရင်းတင်သွင်းခဲ့သော ဒေါ်ပိုက်ပိုက်အေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၁၂/မဂဒ(နိုင်) ၀၁၉၈၇၁  အား တိုင်းဒေသကြီးလွှတ်‌တော်သို့တင်ပြ၍ အဆုံးအဖြတ် ရယူခဲ့ရာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကန့်ကွက်ရန်မရှိပါသဖြင့် တိုင်းဒေသကြီးလွှတ်တော်က သဘောတူ ကြောင်းဆုံးဖြတ်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး ၏ ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရသုံးခန့်မှန်းခြေငွေစာရင်းအား တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီမှအစီရင်ခံစာဖတ်ကြားရှင်းလင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်စီမံကိန်း၊ဘဏ္ဍာရေး နှင့်စီးပွား‌ရေး ကော်မတီက ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/တိုင်းဒေသကြီး ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုဘဏ္ဍာရန်ပုံငွေများဖြင့် တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အား တိုင်းဒေသကြီး လွှတ်တော်သို့ဖတ်ကြားတင်သွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ပထမနေ့)ကို  (၁၂း၅၃) နာရီအချိန်တွင် ရပ်နားခဲ့ပြီး (၁၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို (၁၉.၅.၂၀၂၀) ရက်၊ (အင်္ဂါနေ့)၊ (၁၀း၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။