ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်း

ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်း
********************************************************************************************
၂၀.၅.၂၀၂၀၊ ထားဝယ်
ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(တတိယနေ့)အား Covid-19
‌ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များအား စနစ်တကျ လိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ  ( ၂ ) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူး က ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့် ပြမေးခွန်း (၂) ခု အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့်အဖွဲ့အစည်း ဝင်များ က ပြန်လည်ဖြေကြားခြင်း၊  တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်က ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ခန့်အပ်တာဝန် ပေးအပ်ရန် အမည်စာရင်းကိုအဆိုပြုပေးပို့ထားသည့် ဒေါ်ချိုမာမြင့်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အမှတ်၊၉/မမန(နိုင်)၀၃၄၉၆၂ ၏ အမည်စာရင်းကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီးအစည်းအဝေးကို  (၁၀း၃၅) နာရီတွင်ခေတ္တရပ်နား ခဲ့ပါသည်။
ဆက်လက်ပြီး အစည်းအဝေးကို(၁၀း၅၀)နာရီအချိန်တွင် အစီအစဉ် အတိုင်းကျင်းပခဲ့ရာတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ်ခန့်အပ်တာဝန်ပေးအပ်ရန် အမည်စာရင်း တင်သွင်းခဲ့သော ဒေါ်ချိုမာမြင့်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၉/မမန(နိုင်)၀၃၄၉၆၂  အား
တိုင်းဒေသကြီးလွှတ်‌တော်သို့တင်ပြ၍အဆုံးအဖြတ်ရယူခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များအားလုံးက ကန့်ကွက်ရန် မရှိပါသဖြင့် တိုင်းဒေသကြီးလွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်ခြင်း၊တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာ ဝန်ကြီးက ၂၀၁၉-၂၀၂၀ ခု၊ တနင်္သာရီတိုင်းဒေသကြီး၏ အထွေထွေ ပိုလျှံရန်ပုံငွေ (GRF) မှရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်းနှင့် တိုင်းဒေသကြီး လွှတ်တော်အစိုးရ၏အာမခံချက်များ၊ ကတိများ၊တာဝန်ခံ ချက်များစိစစ်ရေးကော်မတီက တင်သွင်းထားသော ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးမှ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိကဝတ်သက်ရောက်သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်း၍ကွင်းဆင်းခြင်းနှင့်ကြားနာခြင်းဆိုင်ရာ အစီရင်ခံစာ အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် (၁၆) ကြိမ်မြောက်ပုံမှန် အစည်းအဝေး(တတိယနေ့)ကို (၁၁း၂၀)နာရီ အချိန်တွင်ရပ်နားခဲ့ပြီး(၁၆) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို (၂၁.၅.၂၀၂၀) ရက်၊ (ကြာသပတေးနေ့)၊ (၁၀း၀၀) နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ပါသည်။