ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကျင်းပခြင်း
************************************************************************************
၂၁.၅.၂၀၂၀၊ ထားဝယ်
ယနေ့ နံနက်(၁၀၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်း အဝေး (စတုတ္ထနေ့)အား Covid-19 ရောဂါနှင့်စပ်လျဉ်း၍  ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက် များအား  စနစ်တကျလိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇) ဦး နှင့် သတင်းမီဒီယာ  ( ၂ ) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူး အဖြစ် ဦးမြင့်ဝေ၊ဒုတိယညွှန်ကြားရေးမှူးချုပ်၊လွှတ်တော်ရုံး ဝန်ထမ်း အကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
တိုင်းဒေသကြီးလွှတ်‌တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး နေရာယူပြီးနောက် အစည်းအဝေး သို့တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈)ဦး ရှိသည့်အနက် (၂၇)ဦး တက်ရောက်ခဲ့ သဖြင့် စုစုပေါင်း (၉၆.၄၂) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်း အဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ (၃)ပုံ (၁)ပုံ ထက်ကျော်လွန်တဲ့အတွက်ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (စတုတ္ထနေ့)အထမြောက် ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (စတုတ္ထနေ့) အစည်း အဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်း တင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၂) ခု အား တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး  အဆင့်အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်း၊  တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၁၉-၂၀၂၀ ခု၊ တနင်္သာရီတိုင်းဒေသကြီး၏အထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့်စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော် ကိုယ်စားလှယ်(၁)ဦးက ဆွေးနွေးခြင်း နှင့် တိုင်းဒေသကြီးလွှတ်တော်မှ မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား သက်ဆိုင်ရာတိုင်းဒေသကြီး ဝန်ကြီးက တနင်္သာရီတိုင်းဒေသကြီး အသေးစားနှင့်လက်လုပ်လက်စားဓာတ်သတ္တုလုပ်ငန်းဥပဒေ (မူကြမ်း) အား တိုင်းဒေသကြီးလွှတ်တော်သို့တင်သွင်းခြင်း ၊  တိုင်းဒေသကြီး လွှတ်တော်ဥပဒေပြု ရေးဆိုင်ရာကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ကိုဖတ်ကြားရှင်းလင်းခြင်းနှင့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဦး အစားထိုးတာဝန်ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောတူညီချက်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်‌တော် ( ၁၆ ) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ( စတုတ္ထနေ့ ) ကို ( ၁၀း၅၀ )နာရီအချိန်တွင်ရပ်နားခဲ့ပြီး    ( ၁၆ ) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ( ပဉ္စမနေ့ )ကို (၂၇.၅.၂၀၂၀)ရက် ၊ ( ဗုဒ္ဓဟူးနေ့ ) ၊ ( ၁၀း၀၀ ) နာရီအချိန်တွင် ဆက်လက်ကျင်းပမည် ဖြစ်ပါသည်။