ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကျင်းပပြုလုပ်ခြင်း

ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (တတိယနေ့)ကျင်းပပြုလုပ်ခြင်း
***********************************************************************
၂၂.၁.၂၀၂၁၊ ထားဝယ်
ယနေ့နံနက်(၁၀၀၀)နာရီအချိန်တွင် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (တတိယနေ့)အား တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌(၂၂.၁.၂၀၂၁)ရက်နေ့၊ (၁ဝး၀၀) နာရီအချိန်တွင်Covid-19 ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန် ၊ ရှောင်ရန် စည်းကမ်းချက်များအား စနစ်တကျလိုက်နာဆောင်ရွက်၍ စတင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၁၇)ဦး၊ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၆)ဦးနှင့် သတင်းမီဒီယာ (၅)ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးမြင့်ဝေ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ (တတိယနေ့) အစည်းအဝေးတက်ရောက်မှုအခြေအနေကို မှတ်တမ်းတင်ခြင်း ၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားသော ၂၀၂၀-၂၀၂၁ ခု ၊ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြု‌ငွေစာရင်းနှင့် ပြုပြင်ပြီးရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း ၊ တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က တင်သွင်း ထားသော တိုင်းဒေသကြီးတရားလွှတ်တော်နှင့် တိုင်းဒေသကြီးအတွင်းရှိ တရားရုံးများ၏ (၁.၁၀.၂၀၁၆) ရက်နေ့မှ (၃၁.၁၂.၂၀၂၀) ရက်နေ့အထိ တရားစီရင်ရေးရာ၊ စီမံရေးရာ၊ ထောက်ပံ့ရေးရာဆောင်ရွက်ချက် များအခြေအနေကို တင်ပြသည့် အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ခြင်း ၊ တနင်္သာရီတိုင်းဒေသကြီး ဥပ‌ဒေချုပ်က တင်သွင်းထားသော တနင်္သာရီတိုင်းဒေသကြီးဥပဒေချုပ်ရုံး၏ ဥပဒေရေးရာ ၊ အမှုလိုက်နှင့် ဥပဒေအသိပညာပေးဆိုင်ရာ ဆောင်ရွက်ချက်များအစီရင်ခံစာ အား တိုင်းဒေသကြီး လွှတ်တော်ကမှတ်တမ်းတင်ခြင်း ၊ တိုင်းဒေသကြီး လွှတ်တော်တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီက ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်သက်တမ်း (၅)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုတင်ပြချက်အစီရင်ခံစာအား တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်က မှတ်တမ်း တင်ခြင်း ၊ တိုင်းဒေသကြီးလွှတ်တော် အစိုးရ၏ အာမခံချက်များ ၊ ကတိများ၊ တာဝန်ခံချက်များစိစစ်ရေးကော်မတီက ဒုတိယအကြိမ် တနင်္သာရီ တိုင်းဒေသကြီးလွှတ်တော်သက်တမ်း (၅)နှစ်တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုတင်ပြချက်အစီရင်ခံစာ အား တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းခြင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကမှတ်တမ်းတင်ခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကအမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အစည်းအဝေး (တတိယနေ့) ကို ( ၁၁: ၂၂ ) နာရီအချိန်တွင်‌ ရပ်နားခဲ့ပါကြောင်းနှင့် ဒုတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် (၁၉)ကြိမ်မြောက်ပုံမှန် အစည်းအဝေးအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။